International News

ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့မှု အခွန်ကောက်ခံခြင်းမှ ရုရှားရူဘယ် ၈ ထရီလီယံကျော် ရရှိနိုင်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

လက်ရှိရေနံစျေးနှုန်းအရ ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့အခွန်ကောက်ခံခြင်းမှ ရုရှားရူဘယ် ၈ ထရီလီယံကျော်ရရှိနိုင်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး Mr. Anton Siluanov မှ AIF သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

Mr. Anton Siluanov မှ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုတွင် ယခုနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့အခွန်ကောက်ခံခြင်းမှ ရုရှားရူဘယ် ၈.၉ ထရီလီယံရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါရရှိနိုင်မည့်ငွေများအနက် ရူဘယ် ၈ ထရီလီယံအား ဘတ်ဂျက်အတွင်း အသုံးပြုရန် ထည့်သွင်းသွားမည်ဖြစ်ပြီး ရူဘယ် ၉၀၀ ဘီလီယံအား အမျိုးသားလူမှုဖူလုံရေးရန်ပုံငွေသို့ လွှဲပြောင်းပေးသွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခွန်ရရှိနိုင်ခြင်း ခန့်မှန်းတွက်ချက်မှုသည် ရေနံတစ်စည်လျှင် ဒေါ်လာ ၆၀ နှုန်းအပေါ် အခြေခံ၍ခန့်မှန်းထားခြင်းဖြစ်သည်။ ၎င်းအနေဖြင့် Brent ရေနံများအတွက် တစ်စည်လျှင် ၂၅ ဒေါ်လာအထိ လျှော့ပေးနိုင်ရန် ခန့်မှန်းထားပြီး၊ လက်ရှိတွင် တစ်စည်လျှင် ဒေါ်လာ ၂၀ လျှော့ပေးရန် စီစဉ်လျက်ရှိကြောင်း၊ ရေနံတင်ပို့မှုအခွန်တွက်ချက်ရာတွင် အခြားအချက်များလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် Brent ရေနံစျေးမှာ တစ်စည်လျှင် ဒေါ်လာ ၈၀ ဖြစ်ပြီး ၂၀ လျှော့ပေးပါက ၆၀ ရောက်ရှိလာမည်ဖြစ် ကြောင်းနှင့် အဆိုပါတစ်စည်လျှင် ဒေါ်လာ ၆၀ သို့ရောက်ရှိလာမည့်အခြေ အနေပေါ်မူတည်၍ အခွန်ရရှိခြင်းခန့်မှန်းငွေအား တွက်ချက်ထားခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းမှ ရေနံစျေးကွက်ကို ထိခိုက်စေနိုင်မည့် ရေနံစျေးအတက်အကျ သိသာစွာပြောင်းလဲမှုများအား ကြိုတင်ခန့်မှန်းတွက်ချက်ရန် အထူးလိုအပ်ကြောင်း၊ ထို့ကြောင့် ရုရှားနိုင်ငံအနေဖြင့် ရေနံတင်ပို့ ရောင်းချသည့် OPEC အဖွဲ့အစည်းမှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

Source : https://ria.ru/20230725/neft-1886077589.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: International News